အနော်ရထာမင်း(အနိရုဒ္ဓ)လွန်သော် သူ၏သားတော်စောလူးမင်းနန်းတက်သည်။ စောလူးမင်းအား သူ၏ငယ်သူငယ်ချင်းဖြစ်သူ ငရမန်ကန်း ကပုန်ကန်ဖမ်းဆီးသွားသဖြင့် ကျန်စစ်သားကသွားရောက်ကယ်တင်ရာ စောလူးမင်းက ကျန်စစ်သားသူ့အားကယ်တင် ပါသည်ဟု အော်လေသဖြင့် စောလူးမင်းကိုထားခဲ့ရလေသည်။ရန်သူလက်ချက်ဖြင့် စောလူးမင်းကံကုန်သည်တွင် ပုဂံပြည်တွင် ကျန်စစ်သားမင်း နန်းတက်လေသည်။ ကျန်စစ်သားမင်းကြီးသည် ပုဂံပြည်ထီးနန်းကို ခရစ်နှစ် ၁၀၈၄ တွင်ဆက်ခံခဲ့ပါသည်။
အနော်ရထာမင်းကြီး၏ အားထားရသော သူရဲကောင်းတစ်ယောက်ဖြစ်သည့် ကျန်စစ်သားသည် အနော်ရထာထူထောင်ခဲ့သော နိုင်ငံတော်ကိုမပြိုကွဲအောင် စည်းရုံးဆောင်ရွက်နိုင်ခဲ့သည်။ မွန်-မြန်မာ ချစ်ကြည်စွာနေထိုင်ရေးကိုအားပေးသည့်အနေဖြင့် သူရေးထိုးခဲ့သော ကျောက်စာများတွင် မွန်ဘာသာကိုလည်း ထည့်သွင်းစေခဲ့သည်။ ဆည်၊ မြောင်း၊ ကျောင်း၊ ကန်များကို နိုင်ငံတော်အနှံ့ ဆောက်လုပ်စေခဲ့သည်။ သာသနာတော်ကို ချီးမြှောက်၍ ဘုရား၊ စေတီ၊ ဂူပုထိုးများလည်း တည်ထားခဲ့သည့်အပြင် ဗုဒ္ဓဂါယာရှိ ပျက်စီးယိုယွင်းမူ့များကို တမန်များစေလွှတ်၍ ပြုပြင်စေခြင်း၊ ပိဋကတ်တော်ကို စစ်ဆေးပြုပြင်၍ တစ်စုံကူးစေခြင်း၊ မြို့တော်ရှိရဟန်း၊ သံဃာများအား ပစ္စည်းလေးပါး ထောက်ပံ့လှူဒါန်းခြင်း အစရှိသော သာသနာရေးဆိုင်ရာ ကုသိုလ်များကိုလည်းပြုခဲ့သည်။ အေဒီ ၁၁၀၁ ခုနှစ်၊ ဒီဇင်ဘာတွင် နန်းတော်သစ်ကိုတည်၍ အေဒီ ၁၁၀၂ ခုနှစ်၊ ဧပြီလတွင် နန်းတော်ကိုလက်စသတ်ခဲ့သည်။ ထီးနန်းကို ၂၈ နှစ်ကြာစိုးစံတော်မူပြီးနောက် အေဒီ ၁၁၁၂ တွင် နတ်ရွာစံကံကုန်ခဲ့သည်။ အရိုက်အရာကို မြေးတော် အလောင်းစည်သူ မင်းက ဆက်ခံခဲ့သည်။
ငယ်စဉ်ဘ၀
ကျန်စစ်သားမင်းသည် အဖဘက်မှ အာဒိစ္စဝံသနေမျိုးဖြစ်၍ အမိဘက်မှ ဝါးပင်အတွင်းမှ သန္ဓေတည် မွေးဖွားလာသောသူဖြစ်သည်ဟု ကျောက်စာတစ်ချို့တွင် ဖေါ်ပြထားသည်။ ကျန်စစ်သားမင်း၏ဘွဲ့တော်မှာ သင်္ကကရိုက်ဘာသာဖြင့် ဂြီ့ဗကြဘရဏတြိဘူပတိ ဖြစ်၍ အဓိပ္ပါယ်မှာ ငယ်ရွယ်ပျိုမြစ်သောမင်း ဟု ကောက်ယူနိုင်သည်။ ထိလိုင်မင်းဟုလည်း နာမည်ရှိပြီး ကျန်စစ်သားသည် ရှေးမင်းဆက်မှ ဆင်းသက်လာသူမဟုတ်ပဲ အရည်အချင်းကြောင့် ထီးနန်းဆက်ခံနိုင်ခဲ့ခြင်းဖြစ်လေသည်။ ကျန်စစ်သားမင်း၏ အခြားဘွဲ့ ဖြစ်သော ထိလိုင်မင်းဟုလည်း ခေါ်သောကြောင့် ယခု၀မ်းတွင်းမြို့နယ်ရှိ ထီးလှိုင်အရပ်ကို အုပ်ချုပ်ရသောသူ တစ်ယောက်ဖြစ်မည်ဟု ထင်ရသည်။ ရာဇ၀င်အချို့တွင် အနော်ရထာမင်းက နန်းအရာကိုလုယူမည်သူဟု အထင်ရှိသဖြင့် အသက်အရွယ်အလိုက် ကွပ်မျက်ခဲ့သည်ဟုဆိုကြသည်။ ဘုန်းရှင်၊ ကံရှင်ဖြစ်သဖြင့် အသက်မသေပဲရှိသော် အနော်ရထာမင်းက မိမိလက်အောက်တွင် အမူ့ထမ်းစေခဲ့သည်ဟုဆိုသည်။ မြန်မာသမိုင်းစာအုပ်တစ်ချို့တွင် ကျန်စစ်သားနှင့် အခြားသူရဲကောင်းသုံးယောက်ဖြစ်သည့် ငထွေရူး၊ ငလုံးလက်ဖယ်နှင့် ညောင်ဦးဖီးတို့အား ပုဂံပြည့်ရှင် အနော်ရထာမင်း၏ သူရဲကောင်းလေးယောက်ဟု ဖေါ်ပြကြသည်။
ဟံသာ၀တီ (ပဲခူး) ကို ဂျွမ်းစစ်သည်များ လာရောက်တိုက်ခိုက်ရာတွင် စစ်သည်လေးသိန်းအားနှင့် ညီမျှသောသူရဲကောင်း လေးယောက်နှင့် ပြန်လည်တိုက်ခိုက်နိုင်ခဲ့သည်ဟု လည်းပါသည်။ ပဲခူးဘုရင်က ကျေးဇူးတုံ့ပြန်သောအားဖြင့် သမီးတော် မဏိစန္ဒာကို ပုဂံဘုရင်အနော်ရထာ မင်းထံဆက်သရာတွင် လမ်းခရီး၌ ကျန်စစ်သားနှင့် သံယောဇဉ်ငြိတွယ်ခဲ့ကြသည်ဟု မြန်မာရာဇ၀င်များတွင် ဆိုကြသည်။ သို့သော်ထိုအကြောင်း အရာများကို ကျန်စစ်သားမင်းရေးထိုးခဲ့သော မည်သည့်ကျောက်စာတွင်မှမတွေ့ရှိခဲ့ရပေ။ ထိုသို့သံယောဇဉ်တွယ်သဖြင့် ဘုရင်ကအမျက်တော် ရှရာ၍ ကျန်စစ်သားကို နှောင်ကြိုးတည်းကာ ခေါ်လာစေသည်။ အနော်ရထာ ကိုယ်တိုင် လှံဖြင့်လွှတ်၍ ထိုးလိုက်သည်တွင် လူကိုမထိမိ နှောင်ကြိုးကိုသာ ထိုးမိ၍ နှောင်ကြိုးပြတ်သွားကာ တစ်ဖက်ကမ်းသို့ ထွက်ပြေးလေရာ မန ္တလေးတောင်တွင် ကျန်စစ်သားခြေရာဆိုသော ကျောက်တုံးပေါ်မှ ခြေရာတစ်ခုလည်း ဒဏ္ဍာရီအဖြစ်ရှိပေသည်။ မင်းဒဏ်သင့်နေစဉ် ကာလအတွင်းတွင် သမ ္ဘူလနှင့် လက်ထပ်ခဲ့၍ သားတော် ရာဇကုမာရ်ထွန်းကားသည်။ အချို့ကလည်း ထို ရာဇကုမ္မာမင်းသားမှာ ကျန်စစ်သား၏ သားမဟုတ်ဟုလည်းဆိုကြသည်။ ထိုမင်းသားသည် နောင်တွင် မြန်မာစာပေနှင့်သမိုင်းအတွက် အရေးပါသော ရာဇကုမ္မာကျောက်စာကို ရေးထိုးခဲ့သည်။ ရာဇ၀င်များနှင့် သမိုင်းကျောက်စာများအရ အမျိုးမျိုးသောအယူများကွဲပြားနေသော်လည်း ကျန်စစ်သားမင်းသည် အနော်ရထာလက်ထက်တွင် အလွန် အရေးပါသော လက်ရုံးရည်၊ နှလုံးရည်နှင့် ပြည့်စုံသည့် သူရဲကောင်း တစ်ယောက်ဖြစ်ခဲ့မည်မှာ အမှန်ပင်ဖြစ်လေသည်။
ထီးနန်းကိုရခြင်း
အနော်ရထာမင်းထံမှ နန်းမွေကိုသားတော်စောလူးမင်းက အေဒီ ၁၀၇၇ တွင်ဆက်ခံလေရာ ထိုမင်းအုပ်ချုပ်ပုံညံ့ဖျင်းသဖြင့် တိုင်းကားပြည်ရွာမငြိမ်မသက်ဖြစ်လေသည်။ ငယ်သူငယ်ချင်းဖြစ်သူ ငရမန်ကန်းက သူပုန်ထရာတွင် စောလူးမင်းအဖမ်းခံခဲ့ရသည်ဟုရာဇ၀င်ကျမ်းများတွင်ပါသည်။ စောလူးမင်းကို ရန်သူများလက်မှ ကယ်တင်ရန်အတွက် ရန်သူတပ်အတွင်းသို့တစ်ကိုယ်တော်၀င်ရောက်ခဲ့သည်။ စောလူးမင်းအား ထမ်းပြေး၍ ကယ်တင်ရာ ကျန်စစ်သားအားမယုံကြည်ပဲ ငယ်သူငယ်ချင်းဖြစ်သူ ငရမန်ကန်းကသာ အသက်ကိုချမ်းသာပေးမည်ထင်သဖြင့် ကျန်စစ်သား သူ့အားလာကယ်ပါသည်ဟု အော်လေရာ စောလူးမင်းအားရန်သူလက်အတွင်းထားခဲ့ရလေသည်။ စောလူးမင်းသည် ငရမန်ကန်းလက်ချက်ဖြင့် ကံကုန်ခဲ့သည်ဟု ရာဇ၀င်ကျမ်းတစ်ချို့ ဆိုသည်။ သူပုန်ထသော ငရမန်ကန်းရန်ကို ကျန်စစ်သားဦးဆောင်၍ နှိမ်နင်းခဲ့သည့်အပြင် မြန်မာ့သမိုင်းလေ့လာသူ ပါမောက္ခလုစ် ထင်မြင်ယူဆသော အခြားသူပုန်ထဖွယ်အရေးလည်းရှိပေသည်။ ထိုသူပုန်ထမှုမှာ အနော်ရထာမင်းသိမ်းပိုက်ခဲ့သော မွန်တိုင်းဌာနေနှင့်ပတ်သတ်လေသည်။ မနုဟာမင်း၏ မြေးတော်သူမှာ ငရန်မန်ကန်း၏သူပုန်ထမှု နှင့်မပတ်သတ်ပဲ သီးခြားသူပုန်ထလိုဟန်တူပေသည်။ ပုဂံမင်းအခမ်းအနားသုံးလှေတော်အား ယူဆောင်၍ပြေးလေရာ ကျန်စစ်သားက မနုဟာမင်း၏ မြစ်တော်နှင့်သမီးတော်အား ပေးစားကာ ပေါက်ဖွားသောကလေးငယ်အား ထီးမွေဆက်ခံစေမည်ဟု ကတိပေး၍ မွန်-မြန်မာချစ်ကြည်ရေးကိုထိန်းသိမ်းထားခဲ့သည်ဟု ယူဆရလေသည်။ ထိုကတိမှာ ရာဇကုမ္မာမင်းသားထီးမွေမရခဲ့ခြင်းအကြောင်းလည်း ဖြစ်နိုင်ပေသည်။ အနော်ရထာမင်းတည်ထောင်ခဲ့သော နိုင်ငံတော်အားမပြိုကွဲအောင် နှလုံးရည်နှင့် စည်းလုံးနိုင်ခဲ့ခြင်းလည်း ဖြစ်ပေသည်။ ထိုကဲ့သို့ လက်ရုံးရည်၊နှလုံးရည်နှင့် ပြည့်စုံသော ပုဂံသူရဲကောင်းအား မူးမတ်၊ သေနာပတိများက ၁၀၈၄ တွင်နန်းအပ်ခဲ့သည်။ ၁၀၈၆ တွင်မှရာဇဘိသေကခံယူခဲ့သည်ဟု ကျောက်စာများတွင်ဖေါ်ပြထားသည်။
နန်းတက်ကတိ
`ပုဂံကို ရန်သူတို့ ဖျက်ဆီးသောအခါ အမျိုးလေးပါးသည် စစ်သုံ့ပန်းဖြစ်၍ အချို့လည်း အောက်အကြေသို့ ပါကြရသည်။ အချို့လည်း အထက်အညာသို့ ပါကြရသည်။ ငါ၏ အကူအညီဖြင့် ထိုသူတို့ ပုဂံသို့ ပြန်ရောက်စေပါအံ့။ များစွာသော သူခပ်သိမ်းတို့သည် သားတကွဲ ၊မယားတကွဲ ၊ မိကွဲ ၊ ဖကွဲ ဖြစ်ကြရကုန်၏။
ထိုသူတို့၏ ဒုက္ခကို ငါငြိမ်းပါအံ့။ ထိုသူတို့၏ မျက်ရည်ကို ငါသုတ်ပါအံ့၊ ငါ၏ ယာလက်ဖြင့် ဆန်စပါးရိက္ခာ ကိုပေးအံ့၊ ငါ၏ဝဲလက်ဖြင့် ၀တ်စား တန်ဆာ ပေးအံ့။
အမိသည် သားငယ်အား ရင်ခွင်၌ နှစ်သိမ့်သကဲ့သို့ ငါသည်လည်း တိုင်းသူပြည်သားတို့ကို နှစ်သိမ့်ပါအံ့၊´(ကျန်စစ်သား၏ မူရင်း မွန်ဘာသာဖြင့် ရေးထိုးထားသော ရွှေစည်းခုံဘုရား ကျောက်စာကို မြန်မာပြန်မှ) မူရင်း မွန်ဘာသာ ကို ပင် G.H.Luce က ဤသို့ အင်္ဂလိပ် ဘာသာ သို့ ပြန်ဆိုထားသည် ကိုလည်း တွေ့ရပါသည်။ ” His Majesty’s desire – quickly they shall be fulfilled. When raiding enemies come up to destroy Pagan , and all four castes of people living there are borne off captive downstream and go to other countries, by the strength lift and energy of the king ,swiftly shall they ascend upstream and take their solace in Pagan again. Of those torn from their dear ones, if those who were sick at heart , by a course of benefits , with water of compassion , with loving-kindness which is even as a hand , he shall wipe their tears , he shall wash away their snot . With his right hand rice and bread , with his left hand ornaments and apparel , he shall give to all his people. Like children resting in their mother’s bosom , so shall the king keep watch over them and help them ” (1102-AD တွင် ရေးထိုးခဲ့သော ကျောက်စာ ကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုထားခြင်း)
ကျန်စစ်သားမင်း၏ စွမ်းဆောင်ချက်များ
ရွှေစည်းခုံစေတီတော်
ကျန်စစ်သားခေါ် ထိလိုင်မင်းသည် ဘုရင်ဖြစ်ပြီးနောက် မွန်-မြန်မာချစ်ကြည်ရေးကို အလေးပေးဆောင်ရွက်ခဲ့သည်။ မွန်ယဉ်ကျေးမူ့များကို ဖေါ်ထုတ်ခြင်း၊ မွန် သီချင်း၊တီးချင်း၊ကချင်း တို့ကို အားပေးခဲ့သည်။ ထိုမင်းလက်ထက်ရေးထိုးခဲ့သော ကျောက်စာများကိုလည်း မွန်ဘာသာဖြင့် ရေးထိုးစေခဲ့သည်။ သားတော်ရာဇကုမ္မာကို ထီးမွေမပေးပဲ မွန်မျိုးနွယ်နှင့် ပတ်သတ်နေသော မြေးတော်အလောင်းစည်သူအားထီးနန်းပေးခဲ့ခြင်းမှာ မွန်-မြန်မာချစ်ကြည်ရေးကို အလေးပေးခဲ့ကြောင်းပေါ်လွင်ခဲ့သည်။ သို့သော်အလိုက်သိလိမ္မာသော သားတော်ရာဇကုမ္မာကြောင့်လည်း မင်းကြီးသည် စိတ်ထိခိုက်ခဲ့ရဟန်ရှိလေသည်။ မင်းကြီးကံကုန်တော်မူခါနီးတွင် ရေးထိုးခဲ့သော ထိုကျောက်စာတွင် မင်းကြီး၏ဖြစ်စဉ်များနှင့် ဖခင်ကျေးဇူးကို သိတတ်သော ရာဇကုမ္မာမင်းသား၏ သည်းခံနားလည်ပုံကိုမြင်တွေ့နိုင်လေသည်။
ကျန်စစ်သားမင်းသည် ပြည်သူအများအားလည်း စာရိတ္တကောင်းမွန်လာစေရန်သွန်သင်ခဲ့သည်။ ဆည်၊ မြောင်း၊ တာတမံများ ဆောက်လုပ်ပေးပြီး လယ်ယာစိုက်ပျိုးရေးကို အားပေးခဲ့သည်။ ထိုအခြင်းအရာများကို မွန်ကျောက်စာများတွင် အထင်အရှား တွေ့မြင်နိုင်ပေသည်။ ထို့ပြင် ၎င်းကျောက်စာများမှတဆင့် ကျန်စစ်မင်း လက်ထက် အုပ်ချုပ်ရေးကိုလည်း ခန့်မှန်းနိုင်ပေသည်။ အကြောင်းအရာ အားဖြင့် အောက်ပါအတိုင်းဖေါ်ပြထားလေသည်။ တင့်တယ်သော ကျက်သရေရှိသော အရိမဒ္ဒနပြည်၌ တုန်လှုပ်ချောက်ချားခြင်း ကြောက်ရွံ့ခြင်းမှ ကင်းသော အုပ်စိုးနည်းကို အရှင် ဂြီတြိဘု၀နာဒီတျဓမ္မရာဇာမင်းသည် သွန်သင်ဆုံးမပြလတ္တံ့။ ဟုတွေ့ရလေသည်။ အုပ်စိုးနေသော အစိုးရကို အပြစ်မရှိက ကြောက်ရွံ့နေရခြင်းလုံး၀ မရှိစေရာဟုဆိုလိုပါသည်။ ထိုအချက်မှာ မြန်မာနိုင်ငံတွင်ရှေးကပင် ထင်ထင်ရှားရှားရှိခဲ့သည့် အဆင့်မြင့်သော နိုင်ငံရေးကို ရည်ညွှန်းသည့်သဘောသက်ရောက်ပါသည်။ တိုင်းသူပြည်သားများကို ရင်၀ယ်သားကဲ့သို့အုပ်ချုပ်ခဲ့သောကြောင့် ပြည်သူအပေါင်းစိတ်ချမ်းသာရသည်ဟု ကျောက်စာများတွင်ပါရှိသည်။ ထိုကျောက်စာများမှာ ရွှေစည်းခုံဘုရားကျောက်စာ၊ မြကန်ကျောက်စာ၊ ပြည်ရွှေဆံတော်ရှိကျောက်စာ၊ မွန်ကျောက်စာ အစရှိသည့် ကျောက်စာများဖြစ်ကြသည်။
ကျန်စစ်သားသည် ပြည်သူထဲမှဖြစ်လာသော မင်းဖြစ်သော်လည်း ရှေးမင်းအဆက်အနွယ်များကို ဆက်လက်မြှောက်စားခဲ့သည်။ သို့ရာတွင် ထိုမင်းရိုးထက်ကြီးကျယ်မြင့်မြတ်သော သဘောကိုပြချင်သဖြင့် အဖဘက်မှနေမျိုးနွယ်၊ အမိကား ဝါးလုံးအတွင်းမှ ပေါက်ဖွားသူဟု ကျောက်စာများတွင်အထပ်ထပ်ဖေါ်ပြကြသည်။ ပြည်သူထဲမှ မင်းဖြစ်လာလျင် ဘုရားဗျာဒိတ်အရ မင်းဖြစ်ရသည်ဟူသော စကားလုံးများကိုလည်း ပဒေသရာဇ်စနစ်ထုံးစံအတိုင်းတွေ့ရှိရလေသည်။ တိုင်းသူ၊ပြည်သားများအား စည်းရုံးရေးတစ်မျိုးလည်းဖြစ်ပေသည်။ ကျန်စစ်သားမင်းသည် လောကီအရေးအပြင် လောကုတ္တရာအရေးဖြစ်သော သာသနာတော်အတွက်ပါ များစွာဆောင်ရွက်ခဲ့သောမင်းဖြစ်သည်။ ဘုရား၊ဂူပုထိုးများ တည်ခဲ့၍ ရွှေစည်းခုံစေတီ နှင့် အာနန္ဒာဂူဘုရား တို့မှာထင်ရှားလှသည်။ ရဟန်း၊သံဃာတော်များကို ချီးမြှောက်ပြီး၊ ဆွမ်း၊ကွမ်းလေးပါး ပြည့်စုံစေခဲ့သည်။ ဗုဒ္ဓဂါယာရှိ ဘုရားကျောင်းကို ပြုပြင်စေခဲ့သည်။ အိန္ဒိယတောင်ပိုင်းမှ မင်းသားတစ်ပါးကို သာသနာတော် တွင်သက်၀င်ယုံကြည်ခဲ့စေလေသည်။
ရှေးမွန်ကျောက်စာအရ မင်းဖြစ်ပြီး တစ်ဆယ့်ခုနစ်နှစ်အကြာတွင် နန်းတော်သစ်ကိုတည်ဆောက်ခဲ့သည်ဟုဆိုသည်။ နန်းတော်ကို အေဒီ၁၁၀၁ နို၀င်ဘာ ၄ ရက်နေ့တွင်စတင်တည်ဆောက်ပြီး ၁၁၀၂ မေလ ၉ ရက်နေ့တွင်ပြီးဆုံးခဲ့သည်။ ယခုအခါမည်သည့် အထောက်အထားမှ မတွေ့ရသေးသဖြင့် သစ်သားနန်းတော်ဖြစ်ရမည်ဟု ခန့်မှန်းကြလေသည်။ နန်းတော်သစ်တည်ဆောက်စဉ်နှင့် တည်ဆောက်ပြီးစီးရာတွင် ထေရဝါဒနှင့် မသက်ဆိုင်သော ဗိဿနိုးနတ်အားပူဇော်ခြင်း၊ ဗလိနတ်စာကျွေးခြင်း၊ ရိုးရာနဂါးရှိခိုးခြင်းစသော အယူများအားလည်း ပြုလုပ်ကြသည်။ ရှင်အရဟံ ဦးဆောင်သော ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများက ပရိတ်ရွတ်ဖတ်ပေးခဲ့ကြသည်ဟု ကျောက်စာများတွင်ဖေါ်ပြထားသည်။ ထီးနန်းကို ၂၈ နှစ်ကြာစိုးစံပြီးနောက် ၁၁၁၂ တွင် ကံကုန်တော်မူခဲ့သည်။ မင်းကြီးနာမကျန်းဖြစ်နေစဉ် သားတော်ရာဇကုမ္မာရေးထိုးခဲ့သောကျောက်စာတွင် ကျန်စစ်မင်း၏ဘ၀ကိုလေ့လာရန်လည်းကောင်း၊ ထိုခေတ်ပုဂံပြည် အခြေအနေကိုခန့်မှန်းရန်အတွက်လည်းကောင်း၊ မြန်မာစာဖြစ်ပေါ်ပုံအဆင့်ဆင့်ကိုလေ့လာရန်အတွက်လည်းကောင်းများစွာအသုံး၀င်သည်။ ရာဇကုမာရ်ကျောက်စာဟု အသိများသကဲ့သို့ ပုဂံရှိမြစေတီ ဘုရား၀င်းအတွင်းစိုက်ထူထားသောကြောင့်မြစေတီကျောက်စာဟုလည်း ခေါ်ကြသည်။ ကျောက်စာအား ပါဠိ၊မွန်၊မြန်မာ၊ ပျူ ဘာသာလေးမျိုးဖြင့် ကျောက်စာတိုင်၏လေးမျက်နှာ တွင်ရေးထိုးထားသည်။
မွန်မြန်မာသွေးစည်းညီညွတ်ရေး
အနော်ရထာ ဘုရင် ကွယ်လွန်ပြီး ငှင်း ၏ သားစောလူးမင်း (၁၀၇၇ မှ ၁၀၈၄ အထိ ) နန်းတက်ပြီး နောက် မ ကြာမှီ မြန်မာ နိုင်ငံ တောင်ပိုင်း ရှိ မွန်လူမျိုး တို့၏ ပြင်းထန်ကြီးမား သည့် အုံကြွမှုကြီးတရပ် ပေါ် ပေါက် ၍ လာ သည်။ ပဲခူးစား ငရမန်ကန်း ဦးဆောင် သည့် မွန် တို့ သည် ပုဂံပြည် နှင့် အထက်မြန်မာနိုင်ငံ တလွှားသို့ ချီတက် လာကြ ပြီး လျှင် အမျှော် အမြင် နည်းပါးသည့် စောလူးမင်း အား ဖမ်းဆီး ကွပ် မျက် နိုင်ခဲ့ကြ သည်။
ယင်း သို့မွန်လူမျိုးများ ၏ ပုန်ကန်ထကြွမှု ကို မြန်မာ ရာဇ၀င်များ ၌ ပြည်တော်သာ ကျွန်းစစ်ပွဲဟု ရေးသား ဖေါ်ပြကြသည်။ ငရမန်ကန်း ဦးဆောင်သည့် မွန်လူမျိုးတို့သည် အထက် မြန်မာနိုင် ငံ အင်း၀ အထိ ချီ တက် တိုက်ခိုက် လျက်ရှိစဉ် အနော်ရထာမင်း နှင့် အတူ မြန်မာနိုင်ငံ အား စည်းလုံး သိမ်းသွင်း ရာ တွင် ပါ၀င်ခဲ့ သည့် မြန်မာ လူမျိုး အကြီး အကဲ တဦးဖြစ်သူ ကျန်စစ်သား သည် အခြား မြန်မာ အကြီး အကဲ များ နှင့် အတူ ပုဂံပြည် နှင့် အထက်မြန်မာနိုင်ငံတလွှား ၏ အခြေခံဒေသဖြစ်သည့် ကျောက်ဆည် ၊ လယ်တွင်းနယ် များ နှင့် မိတ္ထိ လာ နယ် များ တွင် လူသူအင်အား စုဆောင်းပြီး စားနပ်ရိက္ခာ အင်အားဖြည့် ကာ ငရမန် ကန်းအား တန်ပြန် တိုက် ခိုက်၍ နောက်ဆုံး ပုဂံအနီးမြင်းက ပါ စစ်ပွဲ တွင် ငရမန်ကန်းတို့ အား အောင်လိုက် နိုင်ပြီး စောလူးမင်း ၏ ဦး ခေါင်း မှ လွင့်စင်ကျသွားသည့် ပုဂံမင်းဆက် ၏ မကိုဋ်သရဖူ အား ကျန်စစ်သားသည် ပြန်လည် ထိမ်း သိမ်း လိုက် နိုင်သည်။
ကျန်စစ်သား သည် ပုဂံထီးနန်း အား သိမ်းပိုက်ပြီး နောက် မွန်မြန်မာ စစ်ပွဲကြောင့် ဒုက္ခ ပင်လယ်ဝေလျက် မြို့ပျက် ၊ ရွာပျက် ၊ အိုးပျက် ၊ အိမ်ပျက် နှင့် လုပ်ငန်း ကိုင်ငန်း များပါ ၊ ပျက်စီးခြင်းများစွာဖြင့် အဘက်ဘက်တွင် ကစင့် ကလျား ဖြစ်နေသည့်ပြည်သူပြည်သားများ အတွက် အလေးထား၍ တိုင်းပြည် အား အရေး တ ကြီး ပြန် လည် ထူထောင်သည်။ မွန်ဘာသာဖြင့် ရေးထိုးထား သည့် ရွှေစည်းခုံကျောက်စာ အထောက်အထား အ ရ ။ များစွာသောသူခပ်သိမ်းတို့သည် သား တကွဲ ၊ မယား တကွဲ ၊မိ တကွဲ ၊ ဖ တကွဲ ၊ ဖြစ်ကြ ရ ကုန်၏။ ထို သူတို့၏ ဆင်းရဲ ဒုက္ခ ကို ငါငြိမ်းပါအံ့။ ထို သူ တို့၏ မျက်ရည် ကို ငါ သုတ် ပါအံ့။ ငါ ၏ ယာဘက်လက်ဖြင့် ဆန်စပါး ရိက္ခာကိုပေးအံ့။ ငါ ၏ ဝဲဘက်လက်ဖြင့် ၀တ်စားတန်ဆာပေးအံ့။ အမိ သည် သားငယ် ကို ရင်ခွင်၌ နှစ်သိမ့် စေ အံ့ သကဲ့ သို့ ငါ သည်လည်း တိုင်းသူပြည်သား တို့ကို နှစ်သိမ့်စေ အံ့။ ဟု ရေးထိုး ထားသည့် ကျန် စစ် သား သည် မြန်မာ လူမျိုး အကြီးအကဲ တဦး အနေဖြင့်ငှင်း ၊ မြန်မာနိုင်ငံ တ နိုင်ငံ လုံး ၏ ခေါင်းဆောင်ကြီး တဦး အ နေဖြင့်ငှင်း ၊ စောလူးမင်း နန်းသက် အတွင်း ပြင်းထန်စွာ ပေါက်ကွဲခဲ့သည့် မွန် မြန်မာ အရေး တော်ပုံ ကို လေး လေး နက်နက် စဉ်းစားသုံးသပ် ခဲ့ပုံရသည်။
ကျန်စစ်သား သည် မွန်တို့အား မြန်မာတို့နှင့် တူညီမျှတ သော အခွင့်အရေးကို ပေးအပ် ဆက်ဆံခဲ့သည်။ မွန်လူမျိုး အကြီးအကဲ များအား မြန်မာနိုင်ငံ ၏ အထွေထွေ ကုန်ထုတ် လုပ်ငန်း ၊ အုပ်ချုပ် ရေး ၊ ကာကွယ်ရေး ၊ ယဉ်ကျေးမှု ဆိုင်ရာလုပ်ငန်းများတွင် ဦးစီးခေါင်းဆောင်များအဖြစ် ပါ၀င်စေခဲ့သည်။ မွန်လူမျိုး များ ၏ ယဉ် ကျေး မှု နှင့် အစဉ်အလာ ကို လည်း လေးစား မှု ပြခဲ့သည်။
မြန်မာ နိုင်ငံ ကမ္ဗည်းကျောက်စာ ဋ္ဌာန မှ စုဆောင်း ရှာဖွေ စာရင်း ပြုလုပ်ထား သည့် ကျန်စစ်သား နှင့် သက် ဆိုင် သည့် ရှေးဟောင်း ကျောက်စာ များ သည် ၊ များသော အားဖြင့် မွန်စာ ၊ မွန်အက္ခရာ များဖြင့် ရေးထိုး ထား သည်ကိုသာ တွေ့ရှိရသည်။ မွန် မြန်မာ သွေးစည်းညီညွတ်ရေး ကို အမြှော်အမြင်ကြီးမားစွာဖြင့် ကျန် စစ် သား သည် ဆောင်ရွက်လိုက်သည့်အတွက် မြန်မာနိုင်ငံ ၏ စည်းလုံးမှုသည် ပိုမိုသိပ်သည်းခိုင်မြဲလာသည်။
တနိုင်ငံလုံး စစ်မက်ကင်းရှင်းကာ ငြိမ်းချမ်း သာယာလာသည်။ ပုဂံခေတ် မြန်မာနိုင်ငံ ၏ ရွှေရောင်လွှမ်းသော ကာလ ဟု ခေါ်ဆို ရလိမ့်မည်။ အထွေထွေ ကုန်ထုတ်လုပ် ငန်းတိုးချဲ့ခြင်း ၊ နိုင်ငံခြားတိုင်းပြည်များ နှင့် ရောင်း၀ယ် ဖေါက်ကားခြင်း အထူးသဖြင့် တရုတ်ပြည် နှင့် အိန္ဒိယ နိုင်ငံတောင်ပိုင်း တို့နှင့် ရောင်း၀ယ် ဖေါက်ကားခြင်း များပြုလုပ်ခဲ့ သည် ကို တွေ့ရှိရသည်။
အနော်ရထာ လက်ထက် မှ စတင် ပျိုးထောင်ခဲ့ သည့် ထေရဝါဒ ဗုဒ္ဓသာသနာ နှင့် ယဉ်ကျေးမှုများ ကို ဖွံ့ဖြိုး တိုးတက်အောင်ဆောင် ရွက်ခဲ့သည်။ အံ့မခန်းလောက်သော ဗိသုကာ အတတ်ဖြင့် အနန္ဒာလှိုင်ဂူတော် ကြီး နှင့်သာသနာ့အဆောက်အဦးများစွာကိုတည်ဆောက်ခဲ့သည်။ အနော်ရထာ လက်ထက် က အစ မသတ်နိုင်ခဲ့ သည့် ရွှေစည်းခုံစေတီ တော်ကို အပြီးသတ် တည်ဆောက်ခဲ့သည်။ အိန္ဒိယနိုင်ငံဗုဒ္ဓဂါယာ တွင် ပျက်စီး လျက် ရှိသည့် သာသနာ အဆောက်အဦးများအား စေလွှတ်ပြင်ဆင်ခြင်းပြုသည့်အပြင် အိန္ဒိယ ၊ သီဟိုဠ် နိုင်ငံများနှင့် လည်း သာသနာ ရေး ဆက်သွယ်မှု ရှိခဲ့သည်။ ကျန်စစ်သား ၏ နန်းသက် အတွင်း မြန်မာနိုင်ငံတော်၏ ဂုဏ် သိက္ခာသည် အတိုးတက် အမြင့်မားဆုံး ကာလ ဟု ဆိုရလိမ့် မည်ဖြစ်သည်။
မြန်မာ နိုင်ငံ ဘေးပတ်၀န်းကျင် အိမ်နီးချင်း နိုင်ငံကြီး ငယ် အားလုံး က အသိ အမှတ်ပြု ခန့်ငြား လာ ကြသည်။ သက္ကရာဇ် ၁၁၀၆ ခုနှစ် တွင် မြန်မာနိုင်ငံ မှ သံအဖွဲ့၀င် များ တရုတ် ဧကရာဇ်နန်းတော်သို့ဆိုက် ရောက်သော အခါ အချုပ်အခြာ အာ ဏာပိုင် သည့်နိုင်ငံကြီးတနိုင်ငံ ၏ ကိုယ်စားလှယ်တော် အဖြစ် တ ရုတ် တို့က တ ခမ်း တနား တ ဆောင်တယောင် ဧည့်ခံ ဆက်ဆံ ခြင်းပြု ကြောင်း တရုတ်နန်းတွင်း မှတ်တမ်းများ ၌ ဖေါ်ပြ ရေးသား ထားသည်။ ထေရဝါဒ သာသနာတော် စည်ပင် ထွန်းကားရာ နိုင်ငံအဖြစ်လည်း အိန္ဒိယ နှင့် သီဟိုဠ် နိုင်ငံများ က လေးလေးစားစား နှင့်ခန့်ခန့်ငြား ငြား ဆက်ဆံကြ သည် ဟု မှတ်တမ်းတင်ခဲ့ကြပါသည်။